တကယ်လို့မိတ်ဆွေက စိုက်ခင်းတစ်ခုကို အော်ဂဲနစ်စိုက်ပျိုးရေးနည်းတွေပဲသုံးပြီး စိုက်ပျိုးချင်တယ်ဆိုရင်တော့ သဘာဝအတိုင်းပိုးမွှားထိန်းချုပ်ရာမှာသုံးတဲ့ အခြေခံလေးတွေကို သိထားသင့်ပါတယ်။ မိတ်ဆွေရဲ ့သီးနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေကို တိုက်ခိုက်နေတဲ့ အဖျက်ပိုးတွေကိုဖယ်ရှားပေးမဲ့ ရိုးစင်းတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။

သဘာဝ အလျောက် ပိုးမွှားထိန်းချုပ် နှိမ်နင်းနိုင်တဲ့ စနစ်တစ်ခုကို ဖန်တီးမယ်ဆိုရင် ၆ လကနေ ၃ လအထိကြာနိုင်ပါတယ်။ဘာလို့လဲဆိုတော့အကျိုးပြုအင်းဆက်လေးတွေနဲ့မြေကြီးထဲကပိုးမွှားလေးတွေအတွက် စုံလင်တဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးနေတာမို့လို့ပါ။ သမားရိုးကျ ပိုးသတ်ဆေးတွေ သုံးရတာနဲ့တော့ မတူနိုင်ပါဘူး။ ဒီအဖျက်ပိုးတွေကို ရှင်းထုတ်ဖို့အတွက် ကမ်မီကယ်တွေ သုံးတာထက်စာရင် အကျိုးပြုပိုးမွှားလေးတွေကို သဘာဝက သူ့ဟာသူ ချိန်ညှိပေးတဲ့ နည်းလမ်းက ပိုပြီးကောင်းပါတယ်။

ဂေဟစနစ်မှာ မတူကွဲပြားတဲ့ အရာတွေများစွာရှိတဲ့ အတွက် ဒီစနစ်ဟာ အဲဒီ့ ဝိသေသ အပေါ်မှာ မူတည်နေပါတယ်။ ယေဘုယျ ပြောရရင်တော့ ကိုယ်အဓိက စိုက်ပျိုးမဲ့ သီးနှံတွေနဲ့တွဲဖက်ပြီး အကျိုးပြုပိုးမွှားလေးတွေကို ဆွဲဆောင်နိုင်တဲ့ အပင်လေးတွေ နဲ့ပန်းလေးတွေကို တွဲစိုက်ရမှာပါ။ ဒါဆိုရင်တော့ ဒီအင်းဆက်ပိုးမွှားလေးတွေဟာ အဖျက်ပိုးတွေကို စားသုံးပေးပြီးတော့ ဂေဟစနစ်ကို သဘာဝအတိုင်း ချိန်ညှိပေးမှာပါ။ ဥပမာပြောပြရင် ကန်စွန်းရွက်ချည်းပဲ သီးသန့်တစ်ဧကထဲ စိုက်တာထက် နေကြာပန်း (sunflower) ၊ စမြိတ်(dill) ၊ ထပ်တစ်ရာပန်း (marigold)၊ တရုတ်နံနံပင် (coriander) နဲ့မုန်လာပင် (carrot) စတာတွေကို ရောနှောပြီး စိုက်ပေးရမှာပါ။ ဒီအပင်လေးတွေမှာဆိုရင် အကျိုးပြုလေဒီဘတ်ပိုးကောင်လေးတွေ (ladybirds)နဲ့ဝတ်မှုန်ကူးပေးတဲ့ ပျားကောင်လေးတွေ (hoverflies) တွေအတွက် အစာဖြစ်တဲ့ ပန်းပွင့်လေးတွေ ပွင့်တာပါ။

နှစ်နှစ်ထက်မက အသက်ရှည်နိုင်တဲ့ သက်ရှည်ပင်တွေနဲ့ဆေးဖင်ဝင်နွယ်ပင်တွေကို စိုက်ပျိုးပေးမယ်ဆိုရင်လည်း အကျိုးရှိစေမှာပါ။ ပင်စိမ်းပင် (basil) နဲ့စပါးလင်ပင်(lemongrass) တွေဆီကထွက်တဲ့အနံ့တွေဟာဆိုရင်လည်း ဒီပိုးကောင်တွေကို ထွက်ပြေးစေမှာပါ။ ခရမ်းသီးပင် (eggplant)၊ ကန်စွန်းပင် (gazunywet) နဲ့အောင်မဲညိုပင် (butterfly pea) စတာတွေကတော့ အကျိုးပြုအင်းဆက်လေးတွေအတွက် နေချင်စဖွယ် အိမ်လေးဖြစ်နေမှာပါ။ ဒီအပင်လေးတွေကို ကိုယ့်စိုက်ခင်းမှာအစမ်းစိုက်ကြည့်ပြီးတော့ သူတို့က ဘယ်လို အင်းဆက်လေးတွေကို ဆွဲဆောင်နိုင်လဲဆိုတာ လေ့လာကြည့်ပါ။ ဒီလိုမျိုး အပင်လေးတွေကို စမ်းသပ်ကြည့်မယ်ဆိုရင် အချိန်တစ်ခုရောက်တာနဲ့ တကယ်အလုပ်ဖြစ်တဲ့ ပိုးမွှားနှိမ်နင်းရေးစနစ်တစ် ခုကို ဖန်တီးနိုင်မှာပါ။

နောက်ထပ်အကြံဉာဏ်ကောင်းတစ်ခုကတော့ မျိုးနွယ်တူ အပင်တွေကို တူတူမစိုက်ထားဖို့ပါပဲ။ ဥပမာ ချဉ်ပေါင်ပင်(roselle)တစ်တန်းစိုက်ရင် ဘေးမှာကန်စွန်းရွက်(gazunywet)တစ်တန်းစိုက် ပြီးရင် အမ်းမရန့်သ် ပေါင်းပင်(amaranth) တစ်တန်းစိုက်မယ်ဆိုရင် ပိုကောင်းပါတယ်။ ဒီလို အပင်လေးတွေကို ရောစိုက်ထားလိုက်မယ်ဆိုရင် အဖျက်ပိုးလေးတွေ လျှောက်သွားဖို့အတွက် မလွယ်ကူတော့ပါဘူး။

ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် သစ်ရွက်ခြောက်တွေ ၊ မြက်ပင်တွေ နဲ့စပါးနှံ ၊ ကောက်ရိုး စတာတွေကို ရသလောက် စုဆောင်းထားရပါမယ်။ ဒီလို အရွက်ခြောက် မြက်ခြောက်တွေကို ကိုယ့်အသီးအရွက်စိုက်ခင်းတွေမှာ ထားပေးမှသာ အရွက်တွေ ဆွေးမြေ ့လာတဲ့ အချိန်ကြရင် မြေဆီလွှာအကျိုးပြု ပိုးမွှားလေးတွေအတွက် နေချင်စရာ အိမ်လေးသဖွယ် ဖြစ်မှာပါ။

ဘာပဲဖြစ်ဖြစ် အဖျက်ပိုးတွေက ကိုယ့်အပင်လေးတွေအပေါ် အနည်းနဲ့အများ ကျရောက်မှာပါပဲ။ ဒါပေမဲ့ ဒီလိုသဘာဝပိုးမွှားအတိုင်း ပိုးမွှားနှိမ်နင်းထိန်းချုပ်တဲ့ စနစ်တစ်ခု အောင်မြင်သွားပြီဆိုရင်တော့ အဖျက်ပိုးတွေကြာကြာမနေနိုင်တော့ပါဘူး။ တစ်ပတ်ကနေသုံးပတ်လောက်အထိ ပိုးကိုက်တတ်တယ်ဆိုပေမဲ့ အကျိုးပြု အင်းဆက်လေးတွေကအဖျက်ပိုးတွေကိုစားပစ်ပြီးရှင်းပေးလိုက်မှာပါ။ ဆေးဖက်ဝင် အပင်တွေရှိနေရင်လည်း စူးရှတဲ့ အနံ့တွေကို မခံနိုင်လို့သူတို့တွေထွက်ပြေးသွားမှာဖြစ်တဲ့ အတွက် သိပ်မကြာခင်မှာပဲ ကိုယ့်စိုက်ခင်းလေးက ပုံမှန်အတိုင်း လည်ပတ်နိုင်သွားမှာပါ။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်