သဘာဝအတိုင်းစိုက်မဲ့ စိုက်ပျိုးရေးသမားတွေ ပထမဆုံးလုပ်ရမှာကတော့ ကောက်ပဲသီးနှံတွေကို  လူလုပ် ဓာတုပိုးသတ်ဆေးတွေမသုံးပဲ ဘယ်လို စိုက်ပျိုးမလဲဆိုတာပါပဲ။ ဒီပိုးသတ်ဆေးတွေက လူသားတွေအတွက် အန္တရာယ်ရှိတဲ့ အပြင် အရမ်းလဲဈေးမြင့်ပါတယ်။

စိုက်ပျိုးရေးသမားတွေနဲ့သိပ္ပံပညာရှင်တွေကတော့ ဆယ်စုနှစ်ပေါင်းများစွာ အစားထိုးနည်းလမ်းတွေကို ရှာဖွေနေကြဆဲဖြစ်ပြီး အခုနောက်ဆုံးဖြစ်နိုင်ချေရှိတာကတော့“အဖော် အပင်လေးတွေ’’ ကိုစိုက်ပျိုးတဲ့နည်းပါပဲ။ အဖော်အပင်လေးတွေဆိုတာ ဘယ်လိုအပင်လေးတွေဆိုတော့ အဖျက်ပိုးတွေကိုရှင်းထုတ်ပေးရုံသာမကပဲ

ပင့်ကူလေးတွေနဲ့လေဒီဘတ်ကောင်လေးတွေအတွက် မှီတင်းနေထိုင် ရာလည်းဖြစ်တဲ့ စူးရှတဲ့ အနံ့တွေရှိတဲ့ ချုံပင်တွေ ၊ ဆေးဖက်နွယ်ဝင်အပင်တွေ ၊ သစ်ပင်တွေ နဲ့အခြားအသီးအရွက်တွေပါပဲ။ ကိုယ်စိုက်မဲ့ သီးနှံပင်တွေနဲ့ဒီလိုအပင်လေးတွေကို တွဲဖက်ပြီးစိုက်ပျိုးမယ်ဆိုရင်တော့ ကိုယ့်ရဲ ့စိုက်ခင်းလေးမှာ ဇီဝမျိုးကွဲတွေပေါင်းဆုံရာနေရာလေးဖြစ်သွားပြီး သဘာဝပတ်ဝန်းကျင်ကို မျှတစေမှာပါ။

မကြာသေးခင်က ထိုင်းနိုင်ငံက မဲဟောင်ဆောင် (Mae Hong Sorn) အရပ်က ဆန်စပါးစိုက်ပျိုးသူတွေက  နှမ်းပင်တွေ(sesame)နဲ့နေကြာပင်တွေ(sunflower)ကို စပါးခင်းတွေနားမှာ အတန်းလိုက် စိုက်ပျိုးပြီး စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ သူတို့ကဘာကိုသိခဲ့ရလဲဆိုတော့ ဒီနှမ်းပင် နဲ့နေကြာပင်တွေက အဝါရောင်ပန်းလေးတွေဖူးပွင့်တဲ့အခါမှာ များပြားလှတဲ့ ပိုးကောင်မျိုးစိတ်တွေ ၊ ပင့်ကူလေးတွေ(spiders) နဲ့နောက်ချေးပိုးထိုးကောင်လေးတွေ (beetles)ဟာ လာရောက်ပြီး ဝတ်ရည်စုတ်ခဲ့ကြပါတယ်။ ဒီလိုအင်းဆက်လေးတွေရှိနေခဲ့လို့အဖျက်ပိုး ဖြုတ်ကောင်တွေဟာ သူတို့တွေနဲ့သူတို့ဥတွေစားခံရမှာကြောက်တဲ့ အတွက် ထွက်ပြေးခဲ့ကြပါတယ်။ ဒီလို အဖျက်ပိုးတွေ လျော့နည်းသွားခဲ့လို့စိုက်ပျိုးရေးသမားတွေလည်း ပိုးသတ်ဆေးတွေအပေါ် မှီခိုမှု နည်းသွားခဲ့ပါတယ်။ နောက်ပြီးတော့ နေကြာစေ့ (sunflower seeds) တွေ နှမ်းစေ့ (sesame seeds) တွေရောင်းရလို့အပိုဝင်ငွေတွေတောင် ရခဲ့ပါသေးတယ်။ 

ဒီလိုမျိုး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တာဖြစ်တဲ့ အဖော်အပင်တွေကို စိုက်ပြီး သဘာဝအလျောက် ပိုးမွှားထိန်းချုပ်ရေးစနစ်ကိုပြောင်းဖို့ဆိုတာ အချိန်တစ်ခုတော့ယူရပါတယ်။ ကိုယ့်စိုက်ခင်းနေရာ နဲ့ယာခင်းမှာရှိတဲ့ မတူကွဲလွဲတဲ့ ဇီဝဖြစ်တည်မှုတွေအပေါ်မူတည်ပြီး ၆လကနေ ၃နှစ်အထိတောင်ကြာနိုင်ပါတယ်။ ဒါပေမဲ့ ဒီစနစ်က အတည်အကျဖြစ်သွားတာနဲ့ဆယ်စုနှစ်ပေါင်းများစွာ အသက်ဝင်နေမှာပါ။ ဘာလို့လဲဆိုတော့ အပင်တွေနဲ့အင်းဆက်ပိုးကောင်တွေဟာ ပေါင်းစည်းပြီး အတူတူအလုပ်လုပ်တာဖြစ်လို့ ဂေဟစနစ်ဟာ သမမျှတမှု ရှိနေမှာပါ။ ဒီတော့ ကျွန်တော်တို့မိတ်ဆွေ တို့စိုက်ခင်းတွေမှာလည်း ဘယ်လို အပြောင်းအလဲတွေဖြစ်လာနိုင်လဲဆိုတာ စမ်းသပ်ကြည့်ကြရင်မကောင်းဘူးလား။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်