စိုက်ပျိုးရေးလုပ်တဲ့ ဘယ်သူမဆို နိုက်ထရိုဂျင် (N)၊ ဖော့စ်ဖောရပ်စ် (P) နဲ့ပိုတက်ဆီယမ် (K) စတဲ့နာမည်တွေနဲ့ရင်းနှီးမှာပါ။ ဒီ(၃)မျိုးကတော့ အပင်တွေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ထဲမှာ နာမည်အကြီးဆုံးဖြစ်ပြီးတော့ ဒီဓာတ်သုံးမျိုးကို အော်ဂဲနစ်ဓာတ်မြေသြဇာရယ် လူလုပ်ဓာတ်မြေသြဇာရယ်ဆိုပြီး ပုံစံနှစ်မျိုးနဲ့တွေ့နိုင်ပါတယ်။

နိုက်ထရိုဂျင်ဟာ အပင်တွေကို သူတို့ရဲ့သစ်ရွက် ၊ ပင်စည်တွေနဲ့အကိုင်းအခက်တွေအတွက် တစ်သျှူးအသစ်တွေတည်ဆောက်ဖို့လိုအပ်တဲ့ ပရိုတိန်းတွေထုတ်လုပ်နိုင်ရန် ကူညီပေးပါတယ်။    အပင်တွေရဲ့သဘာဝကိုက နိုက်ထရိုဂျင်နဲ့ပတ်သက်ပြီး လောဘကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုက်ထရိုဂျင်ဟာ သဘာဝမှာရှားပါးတဲ့ရင်းမြစ်တစ်ခုဖြစ်တဲ့အတွက် အပင်တွေဟာ နိုက်ထရိုဂျင်ကို ရတဲ့အချိန်မှာအကုန် စုပ်ယူပစ်ကြပါတယ်။အဲ့ဒီလို နိုက်ထရိုဂျင်ကို အလွန်အမင်းစုပ်ယူကြတဲ့အခါမှာ  အပင်ကနေ သစ်ရွက်တွေချည်းပဲ ထွက်လာမှာဖြစ်ပြီး ဘယ်လို အသီးအပွင့်မှ ဖူးပွင့်လာမှာမဟုတ်ပါဘူး။ နိုက်ထရိုဂျင်ဓာတ်တွေပဲအရမ်းများလွန်းရင်လည်း အခြားအာဟာရတွေကို မစုပ်ယူရတဲ့အတွက် အပင်တွေဟာ အားနည်းပြီးချိကုန်ကြပါတယ်။

ဖော့စ်ဖောရပ်စ်ကတော့ အမြစ်တွေကြီးထွားဖို့နဲ့အစေ့ကြီးထွားဖို့ကိုအားပေးပါတယ်။ အပင်တွေဟာသူတို့ခန္ဓာကိုယ်ရဲ့တစ်နေရာကနေ တစ်နေရာကို စွမ်းအင်တွေသယ်ဆောင်ရာမှာ ဖော့စ်ဖောရပ်စ်ကိုသုံးပါတယ်။ ဒီတော့ ဖော့စ်ဖောရပ်စ်ဟာ အပင်ရှင်သန်ကြီးထွားဖို့အတွက်ဒုတိယ အရေးကြီးဆုံး အာဟာရဓာတ် လို့လဲပြောလို့ရပါတယ်။မုန်လာဥလိုမျိုး အမြစ်ပင်တွေကတော့ ဖော့စ်ဖောရပ်စ်ကို သဘောကျကြပါတယ်။

ပိုတက်ဆီယမ်ကတော့ အသီးအပွင့်တွေဖြစ်ထွန်းအောင် ကူညီပေးပြီးတော့ အပင်တွေအတွက် ကြံ့ခိုင်တဲ့ ကိုယ်ခံအားစနစ်ကိုတည်ဆောက်ဖို့အတွက် ကူညီပေးပါတယ်။ ဟင်းသီးဟင်းရွက်တွေ ခူးဆွတ်ပြီးတဲ့ အခါမှာလည်း ကြာကြာခံစေမှာပါ။ အကယ်လို့ပိုတက်ဆီယမ်သာ မရှိဘူးဆိုရင် အပင်တွေဟာ သူတို့ရဲ ့အမြစ်တွေကနေ အခြားအစိတ်အပိုင်းတွေဖြစ်တဲ့ သစ်ရွက်တွေ ၊ အကိုင်းအခက်တွေ နဲ့အသီးအပွင့်တွေဆီကို ရေနဲ့အခြားသောအာဟာရတွေ သယ်ယူပို့ဆောင်ဖို့အတွက် ခက်ခဲသွားမှာပါ။

 ဒီအာဟာရ(၃)မျိုးလုံးဟာ အပင်နဲ့ပတ်သက်ပြီး အတော်လေးနာမည်ကြီးပေမဲ့ အပင်တွေကဒီ(၃)မျိုးပဲ လိုအပ်တာတော့မဟုတ်ပါဘူး။ အပင်လေးတွေဟာ ကယ်လ်ဆီယမ် ၊ မဂ္ဂနီဆီယမ် ၊ ဆာလ်ဖာ ၊ ကာဗွန် ၊ ဟိုက်ဒရိုဂျင် နဲ့အခြားသော အာဟာရဓာတ်ပေါင်းများစွာ လိုအပ်ပါတယ်။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်