သဘာဝဂေဟစနစ်ဆိုတာဟာ ရှုပ်ထွေးကျယ်ပြောတဲ့ကမ္ဘာကြီး တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ကိုယ့်လယ်ယာတွေကိုဖျက်ဆီးနိုင်မယ့် ပိုးမွှားအန္တရာယ်လောက်ကိုသာ အလေးပေးဖြေရှင်းနေကြချိန် ဒီဂေဟစနစ်ကမ္ဘာမှာ ကိုယ်သတိမထားမိတဲ့ ပိုးမွှားတွေနဲ့သက်ရှိပေါင်းများစွာ ရှိသေးတယ်ဆိုတာကိုမေ့လျော့နေကြပါတယ်။

ပုံမှန်ဆိုရင် စိုက်ခင်းတွေပိုးကိုက်ပြီဆိုတာနဲ့လယ်သမားအများစုဟာ ပိုးသတ်ဆေး ပေါင်းသတ်ဆေး တို့ဖြန်းတာလောက်ပဲ အလွယ်လုပ်ကြတယ်။ ဒါပေမယ့် ဒီလိုမလုပ်ခင်မှာကိုယ့်ကိုယ်ကိုအပင်လေးတစ်ပင်လို့ တွေးကြည့်လိုက်ပါလို့ အကြံပေးချင်ပါတယ်။ အပင်တွေဆိုတာဟာလည်း  ကျွန်တော်တို့လူသားတွေလို သက်ရှိမျိုးစိတ်တွေပါပဲ။ လူတွေလိုပဲ သူတို့မှာ ကိုယ်တွင်း ခုခံနိုင်ရည်စွမ်းအား ဆိုတာမျိုးရှိပါတယ်။ လူတွေပင်ပန်းအားနည်းတဲ့အခါ ဘာလို့အလွယ်တကူဖျားနာကြလဲဆိုတော့ ကိုယ်ခံအားတွေ နည်းကုန်လို့ပါ။  အပင်လေးတွေလည်း ဒီလိုပါပဲ။ ကျန်းမာနေတဲ့အပင်တွေကပဲ သူတို့ရဲ့ကောင်းမွန်တဲ့ ကိုယ်ခံအားကြောင့် ပိုးမွှားတွေကို ပြန်လည်တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ပိုးမွှားတွေကလည်း အားနည်းတဲ့အပင်တွေကိုပိုပြီး ချဉ်းကပ်ကြပါတယ်။

အပင်စိုက်မဲ့သူတစ်ယောက်က ကိုယ့်အပင်တွေကိုဘယ်နေရာမှာ စိုက်ပျိုးမလဲဆိုတာ ဆုံးဖြတ် ခွင့်ရှိပါတယ်။ အပင်တွေဟာ မှန်ကန်တဲ့ နေရောင်ခြည်၊ ရေ၊ မြေဩဇာ ပမာဏ နဲ့ သူ့ရာသီနဲ့သူဖြစ်မှ ကောင်းကောင်းရှင်သန်နိုင်တာပါ။ ဒါကြောင့် စိုက်ပျိုးရေးသမား တစ်ယောက်ရဲ့ နံပါတ်တစ်တာဝန်က ကိုယ့်အပင်လေးတွေကို ဒီလို အခြေအနေမျိုးတွေနဲ့ စောင့်ရှောက်နိုင်ဖို့ပဲဖြစ်ပါတယ်။

 တကယ်လို့ကိုယ့်အပင်ဟာပိုးမွှားတွေရဲ့ဖျက်ဆီးခြင်းခံနေရပြီဆိုရင်အောက်ကမေးခွန်းတွေနဲ့ တစ်ချက်လောက် ပြန်လည်ဆန်းစစ်ကြည့်ပါ။

1.အပင်ဟာ လိုအပ်တဲ့နေရောင်ခြည်ကောင်းစွာမရရှိလို့လား သို့မဟုတ် လိုတာထက်ပိုရနေတာလား?

 2. စိုက်ပျိုးမြေကအရမ်း စိုစွတ်နေလား၊ ခြောက်သွေ့နေလား။ ရေရောကောင်းကောင်းမွန်မွန်စုပ်ယူနိုင်ရဲ့လား ? အစိုဓါတ်ကိုရောထိန်းသိမ်းနိုင်လား ?

3. စိုက်ပျိုးမြေဟာ လိုအပ်တဲ့ အော်ဂဲနစ် ဖြည့်စွက်မှုတွေနဲ့ အာဟာရဓာတ်တွေ မရလို့လား?

4 ကိုယ်စိုက်နေတဲ့ အပင်ရဲ့ရာသီချိန် မဟုတ်လို့လား?

5.အပင်ရဲ့အနီးနားပတ်ဝန်းကျင်မှာ ပိုးစားခံရတဲ့ မကျန်းမာတဲ့ အပင်တွေရှိနေလို့လား?

  ဒီမေးခွန်းတွေကိုကိုယ်တိုင်ဖြေကြည့်မယ်ဆိုရင်ဘယ်အရာတွေလိုအပ်နေလဲဆိုတာ သိလာမှာပါ။  ကိုယ့်လက်ရှိစိုက်ပျိုးမြေအနေအထား ဟာ ကိုယ်စိုက်ပျိုးနေတဲ့ သစ်သီးဝလံမျိူးနဲ့ကိုက်ညီမှုရှိချင်မှတောင်ရှိမယ်ဆိုတာ သိလာပါလိမ့်မယ်။ ကျွန်တော်တို့ ကန်စွန်းမြို့ စိုက်ခင်းမှာတော့ အီတလီပင်စိမ် (Italian basil)၊  ရို့စ်မေရီ (rosemary)၊  စမုန် (thyme) တို့ကို ရန်ကုန်မှာဆို ခြောက်သွေ့တဲ့ နိုဝင်ဘာလကနေ မေလထိပဲ စိုက်ပျိုးလို့ရတာ သိခဲ့ရပါတယ်။  မိုးရာသီတွင်း စိုက်ပျိုးခဲ့တုန်းက ရာသီဥတုမကိုက်ညီမှုကြောင့် ကျွန်တော်တို့အပင်လေးတွေ ပိုးကိုက် ၊ ရောဂါ ဖြစ်ပြီး နှစ်တိုင်းသေသွားခဲ့ပါတယ်။

    ဒါကြောင့်ပဲ ကိုယ်စိုက်မယ့်အပင်နဲ့ကိုက်ညီတဲ့ အခြေအနေတွေကို ဦးစွာသိဖို့ကြိုးစားရမှာပါ။ အပင်လေးတွေကို ကိုယ်ခံအားကောင်းအောင် ဖန်တီးပေးမှ ပိုးမွှားအန္တရာယ်တွေ ရဲ့အနှောက်အယှက်ပေးမှုကိုလဲ သိသိသာသာလျှော့ချနိုင်မှာပါ။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်