အပင်တစ်ပင်ကို လူသားတစ်ယောက်လို့ ခဏလောက်တွေးကြည့်လိုက်ပါ။ သူတို့လေးတွေဟာလည်း လူသားတွေလိုပဲရေ၊နေရောင်ခြည်၊အာဟာရစတဲ့အခြေခံလိုအပ်ချက်တွေနဲ့ချစ်ခြင်း၊ ဂရုစိုက်မှုနဲ့သူ့အပေါ်အညစ်အကြေးလာစွန့်မဲ့ခွေးရန်က ကာကွယ်ပေးတာမျိုး  တွေ အလိုရှိကြပါတယ်။ သူတို့အတွက် လုံလောက်တဲ့အစာအာဟာရ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ရေစတာတွေကို ရတဲ့အခါ ပျော်ရွှင်ကျန်းမာစွာသီးပွင့်ကြတယ်။ နောက်ပြီး သူတို့အနီးအနားက အဖော်တွေဖြစ်တဲ့ အခြားသစ်ပင်တွေသီးနှံပင်တွေ နဲ့ မှိုပင်လေးတွေနဲ့အတူ အမြစ်ကနေ အစာအာဟာရတွေ မျှဝေစားသုံးရတာကိုလည်း နှစ်သက်ကြပါတယ်။

 အို..နောက်ပြီးတော့ နေရောင်ခြည်လည်းလိုအပ်ပါသေးတယ်။ နေရောင်ခြည်ဆိုတာက အပင်တွေအတွက် သဘာဝကပေးတဲ့ အကောင်းဆုံး အားဖြည့်အချိုရည်ပါပဲ။  တစ်နေကုန် အလုပ်ပန်းလာတဲ့လူတွေ အိမ်ပြန်ရောက်တဲ့ခါ ထိုင်ခုံပေါ်မှာ ခြေကုန်လက်ပန်းကျ ပျော့ခွေသွားရသလို အပင်လေးတွေလည်း အစာပြတ်တဲ့အခါ ဝမ်းနည်း အားပျက်ပြီး အရွက်တွေညှိုးကာ အောက်ကိုကိုင်းညွှန့်လာပါတယ်။ လူတွေလိုပဲ ဖိစီးမှုများလေလေ အရွက်တွေ ညှိုးလေလေဖြစ်ပြီး ကြွေကုန်ကြပါတယ်။ တစ်ခါတလေမှာ အပင်တွေက ဗိုင်းရပ်စ်တွေ ဘတ်တီးရီးယားတွေနဲ့ကပ်ပါးကောင်တွေ ကြောင့် နေမကောင်းဖြစ်ကြပါတယ်။ များသောအားဖြင့်တော့ အပင်တွေရဲ့ခုခံအားစနစ်က ကျုးကျော်သူ ပိုးမွှားကပ်ပါးကောင်တွေကို တိုက်ထုတ်ပစ်ကြပါတယ်။  မတူညီတဲ့ အပင်ပေါင်းများစွာကို ဘယ်အရာတွေက ပျော်ရွှင်စေသလဲ ဝမ်းနည်းစေသလဲဆိုတာကို မိတ်ဆွေ သိလာတဲ့အခါ သူတို့တွက်မှန်ကန်တဲ့ စိုက်ခင်းပတ်ဝန်းကျင်လေးတစ်ခု ဖန်တီးပေးနိုင်ပါလိမ့်မယ်။  ကိုယ်စိုက်ထားတဲ့အပင်တွေက  သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်လဲဆိုတာတော့ အမြဲစောင့်ကြည့်နေရမှာပါ။ ဒါမှသာ အပင်လေးတွေက သူတို့ကိုစိုက်ပျိုးထားတဲ့မြေနေရာမှာ အဆင်မပြေဘူးလို့ထင်ရတဲ့အခါ ပြင်ဆင်ပေးနိုင်မှာပါ။

ကိုယ့် အပင်လေးတွေကို ဆန္ဒတွေ ၊ လိုအပ်ချက်တွေ နဲ့ နှလုံးသားရှိတဲ့ နောက်ထပ်မိသားစုဝင် တစ်ဦးလိုမျိုးသဘောထားကြည့်ပါ။ ဒါမှ သူတို့လေးတွေကို ဒီ့ထက်ပိုပြီး ဂရုစိုက်ပေးနိုင်မှာဖြစ်ပါတယ်။

Translated by Shweyi

#ကန်စွန်းမြို့ 


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်