တီကောင်လေးတွေဆိုတာ အထိမခံနုနယ်ပြီးတော့ စိုစွတ်တဲ့မြေကြီးမှာ ရှင်သန်ကျက်စားတဲ့သတ္တဝါလေးတွေပါ။ သူတို့လေးတွေဟာ စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာပဲရှင်သန်နေထိုင်လေ့ရှိကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာအရေပြားပေါ်မှာရှိတဲ့ အကျိအချွဲဂလင်းလေးတွေကိုသုံးပြီး အသက်ရှုကြရတာဖြစ်လို့စိုစွတ်တဲ့ ပတ်ဝန်းကျင်အနေအထားကသာ ဒါကိုထိန်းသိမ်းပေးနိုင်မှာပါ။ စိုထိုင်းမှုသာမရှိဘူးဆိုရင် ဒီတီကောင်လေးတွေဟာ နေ့စဉ်နေ့တိုင်းသူတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂၀ ရာခိုင်နှုန်းကိုဆုံးရှုံးမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ခြောက်သွေ့ပြီးသေဆုံးသွားမှာပါ။ သူတို့လေးတွေမှာ မျက်စိ ၊ နား စတာတွေမရှိပေမဲ့လို တုန်ခါမှုကိုခံစားသိရှိနိုင်ကြပြီး သူတို့ခေါင်းပေါ်မှာ အလင်းကိုအာရုံခံနိုင်တဲ့ တစ်ရှုးလေးတွေပါတာကြောင့် အလင်းရောင်ကိုခွဲခြားပြီးသိနိုင်ပါတယ်။

      တကယ်လို့မိတ်ဆွေရဲ့စိုက်ပျိုးမြေပေါ်မှာ တီကောင်လေးတွေရှိနေပြီဆိုရင်တော့ ဒါက ကိုယ့်ရဲ့မြေဟာ စိုက်ပျိုးရေးလုပ်ဖို့အတွက်ကောင်းမွန်တယ်ဆိုတာကိုပြသနေတဲ့ လက္ခဏာရပ်တစ်ခုပဲဖြစ်ပါတယ်။ ဒီတီကောင်လေးတွေဟာ အရမ်း မခြောက်သွေ့လွန်း၊ မစိုစွတ်လွန်း ၊ မပူလွန်း ၊ မအေးလွန်း ၊ အက်စစ်ဓာတ်မများလွန်း ၊ အယ်လ်ကာလိုင်းဓာတ်မများလွန်း တဲ့ သမမျှတတဲ့မြေဆီလွှာမျိုးကိုပဲနှစ်သက်ကြပါတယ်။ ရေတွေအများကြီးအိုင်နေတဲ့ စပါးခင်းတွေလို နေရာမျိုးမှာတော့ သူတို့တွေနေထိုင်လေ့မရှိကြပါဘူး။

Image by Natfot from Pixabay

ကိုယ့်စိုက်ပျိုးမြေကို ကောင်းမွန်အောင်လုပ်ပေးမဲ့တီကောင်အသိုက်အဝန်းကြီးရှိနေစေချင်တယ်ဆိုရင်တော့

  • ၁။ဒီအကောင်လေးတွေစားသုံးနိုင်ဖို့ဆွေးမြေ့သေဆုံးနေတဲ့အပင်တွေနဲ့အပင်ရဲ့စွန့်ပစ်ပစ္စည်းတွေ မြေကြီးထဲမှာရော မြေကြီးပေါ်မှာရောရှိရပါမယ်။ ဒါကိုဘယ်လိုလုပ်လဲဆိုရင် မြေဆွေးဖို့ပေးတာ ဒါမှမဟုတ် အပင်တွေကနေကြွေကျလာတဲ့ သစ်ရွက်ခြောက်တွေကို ဒီအတိုင်းထားထားပေးရပါမယ်။
  • ၂။ အက်စစ်ဓာတ်များတဲ့ဓာတုဓာတ်မြေသြဇာတွေ၊ အမိုနီယမ် ဆာလဖိတ်လို မှိုသတ်ဆေးတွေသုံးတာမျိုးကို လျှော့ချရပါမယ်။
  • ၃။တီကောင်လေးတွေအများအပြားနေထိုင်လေ့ရှိတဲ့ နေရာတွေမှာ လူတွေ၊တိရစ ္ဆာန်တွေနဲ့ယာဉ်တွေသွားလာခြင်းကို ရှောင်ကြဉ်ရပါမယ်။ မြေသားကအရမ်းကျစ်လျစ် သိပ်သည်းသွားရင် သူတို့တွေမနေနိုင်တော့လို့ပါ။
  • ၄။ မြေကိုအရမ်းမထွန်ပါနဲ့။စက်ကြီးတွေနဲ့မြေတူးတဲ့အခါ တီကောင်လေးတွေကို မောင်းထုတ်လိုက်သလိုဖြစ်ပြီးထွက်ပြေးသွားကြမှာပါ။
  • ၅။ ကိုယ့်ရဲ့စိုက်ပျိုးမြေမှာ ကယ်လ်ဆီယမ်ဓာတ် မပြတ်လပ်ပါစေနဲ့။

         မြေအလွန်အကျုးထွန်ခြင်း နဲ့လူလုပ်ဓာတုဓာတ်မြေသြဇာ ၊ ပိုးသတ်ဆေးတွေရဲ ့အနှောင့်အယှက်ရန်ကကင်းဝေးတဲ့ မြေဆီလွှာမှာဆိုရင် အလျင်အမြန်ပဲ တီကောင်လေးတွေ အများအပြားတိုးပွားလာမှာပါ။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်