စိုက်ပျိုးရေးသမားတော်တော်များများက တီကောင်လေးတွေနဲ့ပတ်သက်ရင် သိပ်မသိကြပါဘူး။ ဒါကလဲ သူတို့က မြေကြီးထဲမှာအချိန်တော်တော်ကြာကြာနေလေ့ရှိကြပြီး ကြက်စာအဖြစ်လောက်ပဲ အသုံးပြုကြတဲ့အတွက် သတိမမူမိကြတာ မဆန်းပါဘူး။

         ဒါပေမဲ့ တီကောင်လေးတွေဟာ ကြက်စာဆိုတာထက်ပိုပါတယ်။ သူတို့က သဘာဝတရားကပေးထားတဲ့စိုက်ပျိုးရေးသမားတွေပါပဲ။

         တီကောင်လေးတွေဟာ မြေဆီလွှာထဲမှာ သွားလာလှုပ်ရှားမှု အမျိုးမျိုးကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒါတွေကအပင်တွေ နဲ့မြေကြီးအတွက်ကို အကျိုးကျေးဇူးများစွာဖြစ်စေပါတယ်။ သုတေသန ပြုလုပ်ချက်တွေအရ သူတို့ကမြေကြီးကိုအာဟာရဖြစ်ေ စတယ် ၊ ရေစီးဆင်းမှုကို မြန်ဆန်စေပြီးတော့ မြေဆီလွှာဖွဲ့စည်းမှုကိုပိုပြီးတောင့်တင်းခိုင်မာစေတယ်။

          ဒါ့အပြင် တီကောင်လေးတွေဟာ အပင်ရဲ့စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ အမြစ်သေတွေ၊ အရွက်တွေ ၊ မြက်တွေ နဲ့နောက်ချေး၊ကြက်ချေးစတာတွေကို စားသုံးရတာကိုနှစ်သက်ကြပါတယ်။ သူတို့ကဒီအရာတွေကိုစားသုံးချေဖျက်လိုက်တဲ့ အခါကြရင်  ဒီစွန့်ပစ်ပစ္စည်းတွေထဲမှာရှိတဲ့ နိုက်ထရိုဂျင် ၊ ဖော့စ်ဖောရပ်စ်စတဲ့အာဟာရဓာတ်တွေဟာ တီကောင်လေးတွေရဲ ့အညစ်အကြေးတွေထဲမှာပါလာပါတယ်။ ဒီ တီကောင်လေးတွေဟာ နေ့စဉ်မြေကြီးထဲကနေရာပေါင်းများစွာမှာသွားလာနေတာကြောင့် သူတို့ချန်ရစ်ခဲ့တဲ့ အညစ်အကြေးတွေဟာ အပင်လေးတွေစားသုံးနိုင်တဲ့ နိုက်ထရိုဂျင် နဲ့ အခြား အာဟာရတွေပါဝင်တဲ့အစိုင်အခဲပုံတွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။

         တီကောင်လေးတွေမြေကြီးထဲအတွင်းသွားလာခဲ့တဲ့ တွင်းပေါက်လေးတွေကလည်း မြေဆီလွှာအတွက်တော့ ရေဆင်းပေါက်တွေပါပဲ။ အထူးသဖြင့် မိုးဥတုမှာဆိုရင် အပင်လေးတွေက မိုးကြီးတဲ့ဒဏ်ကြောင့် အမြစ်တွေပုပ်သွားနိုင်ချေများပါတယ်။ ဒီအချိန်မှာ ဒီတွင်းပေါက်လေးတွေက မြေဆီလွှာထက်တောင် ခြောက်ဆလောက်ပိုပြီး ရေတွေကိုစစ်ထုတ်ပေးနိုင်တဲ့အတွက်ကြောင့် အပင်လေးတွေ ရေကြီးမှုကြောင့် ပျက်စီးသွားမဲ့ရန်မှကာကွယ်ပေးပါတယ်။  ဒီတီကောင်လေးတွေကမြေဆီလွှာကိုလည်းပျော့ပျောင်းသွားအောင်ကူညီပေးတဲ့အတွက် အပင်ရဲ ့အမြစ်တွေဟာ မြေကြီးထဲမှာကောင်းမွန်စွာ ကုပ်ယူနိုင်တဲ့အတွက် ခိုင်မာတဲ့အမြစ်ဖွဲ့စည်းပုံကိုဖြစ်ပေါ်စေပါတယ်။

တီကောင်လေးတွေဆီကရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုတစ်ချက်လောက်သေသေချာချာစဉ်းစားကြည့်ရအောင်။

Image by Natfot from Pixabay

         လွန်ခဲ့တဲ့ နှစ်တွေတုန်းက အိန္ဒိယနိုင်ငံရဲ ့တမီနာဒူ ဒေသမှာ လူလုပ်ဓာတုဓာတ်မြေသြဇာတွေရဲ ့ဈေးနှုန်းက ထိုးတက်သွားခဲ့လို့ပစ္စည်းပြတ်လပ်မှုနဲ့ကြုံခဲ့ကြရပါတယ်။ ဓာတုဓာတ်မြေသြဇာတွေကိုပဲ သုံးခဲ့တဲ့ ပုံမှန်စိုက်ပျိုးရေးသမားတွေအတွက်ကတော့ သုံးဆလောက်ထိုးတက်သွားတဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းကြောင့်မို့လို့ကောင်းမွန်တဲ့ သီးနှံတွေရရှိအောင် စိုက်ပျိုးရာမှာ အခက်ကြုံခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ့အချိန်မှာ သဘာဝနည်းစနစ်အတိုင်း တီကောင်လေးတွေရဲ့အကူအညီကိုသုံးပြီး စိုက်ပျိုးရေးလုပ်ခဲ့တဲ့သူတွေကတော့ ပြဿနာမရှိခဲ့ပါဘူး။ တီကောင်လေးတွေရဲ ့အာဟာရပြည့်ဝနေတဲ့ အညစ်အကြေးကမြေဆီလွှာကိုအားဖြည့်ပေးခဲ့လို့သူတို့ရဲ ့ထွက်ကုန်သီးနှံတွေကို ပုံမှန်ပဲ ကောင်းကောင်းရိတ်သိမ်းနိုင်ခဲ့ပါတယ်။

         တီကောင်တွေဘာလုပ်နိုင်လဲဆိုတာကျွန်တော်တို့မမြင်ရ ပေမဲ့ သူတို့ရဲ ့အရေးပါမှုကိုလျှော့မတွက်သင့်ပါဘူး။မြေဆီလွှာရဲ ့ကျန်းမာရေးဟာ မြေဆီလွှာရဲ ့မျိုးအောင်ဖြစ်ထွန်းမှု ၊ ရေစီးရေလာကောင်းမှုနဲ့မြေဆီလွှာဖွဲ့စည်းပုံစတာတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ တကယ်တော့ တီကောင်လေးတွေဆိုတာ မြေကြီးထဲက လယ်ထွန်စက်နဲ့တူပါတယ်။ သူတို့ကြောင့် မြေသားတွေဟာ ပျော့ပျောင်းလာပြီး အပင်တွေအမြစ်ကုပ်ယူဖို့လွယ်ကူစေပါတယ်။ အာဟာရဓာတ်တွေကိုလည်းနေရာမျိုးစုံမှာ ဖြန့်ကျက်ပေးပါတယ်။ ဒါကြောင့် ဒီသတ္တဝါလေးတွေကို ကျွန်တော်တို့တွေ စောင့်ရှောက်ဖို့တာဝန်ရှိတာပါ။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်